အိပ်မက်ဝိုင်

အိပ်မက်ဝိုင်

မြူမှုန်ဝေသီ
ရီဝေလွင့်မျော
ဟိုး . . . အဝေး နှင်းတောထဲမှာ
တစ်ခြမ်းပဲ့ လမင်းလေး စီးမျောလို့ .

အလွမ်းတကျိုက်လောက်
ရှိုက်လိုက်မိပြီဆိုမှဖြင့်
ဝမ်းနည်းမှု သိုးရေကိုခြုံ
ကြေကွဲခြင်းလောင်စာတွေ စုပုံရှို့ ပြီး
ရင်နွမ်းပြေ လှုံနေမိမြဲ .

သူငယ်ချင်းရေ . . .
ငါကိုယ်တိုင်က
အမှတ်တရ မီးအိမ်ကို ရိုက်ချိုးပြီး
ကိုယ့်ကိုကိုယ်
ထိုးကျွေးလောင်ကျွမ်းပစ်နေခဲ့တဲ့
ခပ်ဆန်းဆန်း သတ္တ၀ါ .

ငါ လူဆိုးပါ - ချစ်သူရာ .
ခုတော့ . . .
ကြေကွဲခြင်း ဒဏ်ရာတွေနဲ့ပေါ့
မျဉ်းပြိုင်နှစ်ကြောင်းကိုမှ
ညီမျှခြင်းချခဲ့မိတာကိုး
အဆိုးတွေ ကြုံရတာ မဆန်းပါဘူး .

အိပ်မက်ကို ရူးသွပ်ခဲ့မိတယ် .
အိပ်မက်မှာ စီးမျောခဲ့မိတယ် .
မှားတယ်ဆိုတာ သိရဲ့နဲ့
အချစ်ဆိုတဲ့ ၀ဲဂယက်ထဲ
ခပ်ရဲရဲ တိုးဝင် . . . . .

ပန်းကို လိုချင်ရင်
အပင်ကို ချိုးရတယ်ဆိုတာ
အတွေးနဲ့တင် ရှက်စရာ . . .
ခက်တာက -
ငါ့ ဥယျာဉ်ထဲက ပန်းလေးခမျာ
ရနံ့ပါမလာရှာဘူး .

နှစ်နှစ်အလွန် May 9 ဆိုတဲ့နေ့က
စွဲလမ်းမှုလို့ အမည်ရတဲ့ ၀ိုင်တစ်ခွက်
ငါ ... တပ်မက်စွာ သောက်သုံးခဲ့တယ်.
အဲဒီ ၀ိုင်ထဲမှာ -
Coffee Shop တစ်ခုပါတယ် .
ဆင်ခြင်တုံ့တရား ကင်းမဲ့ခြင်းတွေပါတယ် .
အိပ်မက်နဲ့ ရက်လုပ်သော ၀တ်ရုံတစ်ထည်ပါတယ် .
ဝေခွဲမရတဲ့ အတွေးတစ်ချို့ပါတယ် .
သူငယ်ချင်းနဲ့ ချစ်သူဆိုတဲ့ စကားလုံး နှစ်ခုပါတယ် .
မဖြစ်သင့်ပါဘူးလေဆိုတဲ့ အားလျှော့စိတ်ပါတယ် .
ကြိုးစားကြည့်တာ မမှားပါဘူးလေဆိုတဲ့ အတ္တ၀ါဒီပါတယ် .
၁၅၀၀ နဲ့ ၅၂၈ လွန်ဆွဲပွဲ ပါတယ် .
. . . . . ပါတယ် . . . . . ပါတယ် . . . . . ပါတယ် .

သိပ်မကြာသေးပါဘူး .
ငါ -
မူးခဲ့တယ် .
ရူးခဲ့တယ် . . .
အမှားပင်လယ်ထဲမှာ ရွက်လွှင့်ရင်း
မျှော်လင့်ခြင်း တစ်ခုတလေများ ကောက်ရလေမလားလို့
အိပ်မက်ထဲမှာပဲ အိပ်မက်
အဆိပ်တက်ပြီ ထင်ပါရဲ့ .


စည်ကားနေဆဲ တစ်ချိန်က မြို့တော်ဟောင်းတစ်ခုရဲ့
လင်းတလှည့် မှိန်တစ်လှည့် ညတွေအောက်မှာ
ကဗျာမဆန်တဲ့ နှလုံးသားပိုင်ရှင် ဒီကောင်က
တောင်ဘက်ကျွန်း တစ်နေရာဆီကို
မှန်းမျှော်လွမ်းနေမိတာ . . .
အဲဒီလောက်တောင် ရီစရာ ကောင်းနေခဲ့ပါသလား ?

ချစ်ရသူရေ . . .
မှန်သောစကားကိုဆိုမယ် .
သစ္စာလို့ ခေါ်မယ်ဆိုလဲ ရရဲ့ .
မှားတဲ့ဘက်မှာ နေထိုင်ရင်း
မင်းကို ငါ . . . ရူးမိုက်စွာနဲ့ ချစ်ခဲ့တယ် .
အဲဒါမှားလား - အမှားတဲ့လားကွယ် .
စကတည်းကိုက မှားတဲ့ဘက်
မျက်ရည်တစ်စက် ပါးထက် ကြွေတယ် .

( ခုတော့ )
ငါ - လွမ်းလို့ . . . ရူး
ရူးလို့ လွမ်းတာပါ သူငယ်ချင်းရယ် .
နင် သိလိုက်ပါရဲ့လား
ယမန်ညက -
ကြယ်တစ်ပွင့် ကြွေတယ် .